ကျွန်ုပ်တို့ သင်တန်းများ

အသင်းဝင်အသစ်များစုဆောင်းခြင်း နှင့် လက်ဖက်အသင်းအဖွဲ့ များဖွဲ့စည်းခြင်း

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အသင်းသာရေးရာအဖွဲ့သည် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးသည့် ဒေသများ၊ လက်ဖက်ကုန်သွယ်မှုပြုလုပ်သည့် ဒေသများသို့ သွားရောက်ကာ အသင်းဝင်အသစ်များစုဆောင်းခဲ့ကြသည်။ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသည် လက်ဖက်အသင်းအဖွဲ့ ၁၃ခုဖြင့် ဖွဲ့စည်းထားလျှက်ရှိပြီး မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးသည့် ဒေသများ၊ လက်ဖက်ကုန်သွယ်မှု ပြုလုပ်သည့်ဒေသများအားလုံးတွင် လက်ဖက်အသင်းအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်သည်။

အရှေ့တောင်အာရှဒေသ ဇီဝထုတ်ကုန်များ ကုန်သွယ်ခြင်းစီမံကိန်း

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းသည် Helvetas Myanmar organization ၏ အရှေ့တောင်အာရှဒေသ ဇီဝထုတ်ကုန်များ ကုန်သွယ်ခြင်းစီမံကိန်းတွင်ပူးပေါင်းပါဝင်ခဲ့သည်။ ပိုမိုကောင်းမွန်သော လူမှုအခြေအနေများ တိုးတက်စေရန် ရည်ရွယ်၍ ဇီဝမျိုးကွဲများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ရေရှည်တည်တံ့မည့် လက်ဖက် တန်ဖိုးမြင့်ကွင်းဆက်များအား ထိထိရောက်ရောက် အကျိုးရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော မြန်မာလက်ဖက် ထုတ်ကုန်များ၏ ကုန်သွယ်မှုအား မြှင့်တင်ခြင်းများ လုပ်ကိုင်ဆောင်ရွက်ကြမည်ဖြစ်သည်။

လက်ဖက်ကိုင်းဖြတ်ကိုင်းညှပ် သင်တန်းများ

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသည် GIZ အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးသည့် ဒေသများသို့ သွားရောက်ကာ လက်ဖက်ကိုင်းဖြတ်ကိုင်းညှပ် သင်တန်းများ ပေးအပ်ခဲ့သည်။ မလိုအပ်သော လက်ဖက်ကိုင်းများ၊ ရောဂါကျရောက်နေသော လက်ဖက်ကိုင်းများကို ဖယ်ရှားရန်၊ လက်ဖက်ပင်များ ပြန်လည်နုပျိုလာစေရန်၊ ကျန်းမာသန်စွမ်းပြီး အရည်အသွေး ကောင်းမွန်သော လက်ဖက်ပင်များရရှိရန်နှင့် လက်ဖက်အထွက်နှုန်းတိုးစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ဦးကျော်သီဟသည် လက်ဖက်စိုက်ဒေသများသို့ ကွင်းဆင်းလေ့လာ၍ ကိုင်းဖြတ်နည်းပညာများ သင်ကြားပြသပေးခဲ့သည်။ လက်ဖက်ကိုင်းဖြတ်ကိုင်းညှပ် ပြုလုပ်ခြင်းကြောင့် လက်ဖက်အထွက်နှုန်း နှစ်ဆ တိုးလာခဲ့သည်။

သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးရေးသင်တန်း

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသည် Helvetas Myanmar organization ၏ အကူအညီဖြင့် သဘာဝပတ်ဝန်းကျင်မပျက် စိုက်ပျိုးရေးသင်တန်းကို ရှမ်းပြည်တောင်ပိုင်း ရွာငံ၌ ပြုလုပ်ကျင်းပခဲ့သည်။ စိုက်ပျိုးရေးအကြံပေး ဦးသိန်းဆုမှ စိုက်ပျိုးရေး ဗဟုသုတများ၊ အတွေ့အကြုံများ မျှဝေ၍ ပင်လောင်းလက်ဖက်အသင်းအဖွဲ့၊ ပင်းတယလက်ဖက် အသင်းအဖွဲ့၊ ရွာငံလက်ဖက် အသင်းအဖွဲ့၊ ရပ်စောက်လက်ဖက် အသင်းအဖွဲ့များမှ အသင်းဝင်ပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လက်ဖက်စိုက်ပျိုးမှုအခြေအနေ လေ့လာခြင်း

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ အသင်းသည် စစ်ကိုင်းသမဝါယမ တက္ကသိုလ် နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် တောင်ပိုင်း လက်ဖက်စိုက်ပျိုးမှု အခြေအနေကို လေ့လာခဲ့သည်။ စစ်ကိုင်းသမဝါယမ တက္ကသိုလ် မာစတာကျောင်းသားကျောင်းသူများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လက်ဖက်စိုက်တောင်သူများ၏ လက်ဖက်စိုက်ပျိုးမှု နှင့် လူနေမှုဘဝကို လေ့လာခဲ့သည်။ ဤလေ့လာမှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရပ်စောက်၊ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၂၂၅ ရွာတွင် ပြုလုပ်ခဲ့ကြသည်။

ISO အသိပညာပေးသင်တန်း

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းသည် ISO အသိပညာပေးသင်တန်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည်။ အစားအသောက် ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းသပ်ရပ်မှု အလေ့အကျင့်များ ရရှိရန် ရည်ရွယ်၍ ISO အသိပညာပေးသင်တန်းကို ပြုလုပ်ကျင်းပခဲ့ကာ လက်ဖက်လုပ်ငန်းရှင်ပေါင်း ၂၀ နှင့် ဝန်ထမ်း၅၀ တက်ရောက်ခဲ့ကြသည်။