မြန်မာ့လက်ဖက်သမိုင်း

Myanmar Tea History

လက်ဖက်” ဟုပြောလျှင် ကမ္ဘာတဝှမ်း မသိသူမရှိလောက်အောင် သုံးစွဲလျက်ရှိသော ဖျော်ရည် ကုန်ကြမ်းတမျိုးပင် ဖြစ်ပေသည်။ အရှေ့တောင်အာရှနိုင်ငံရှိ လက်ဖက်စိုက်ပျိုးသော နိုင်ငံများတွင် မြန်မာနိုင်ငံသည် တခုအပါအဝင် ဖြစ်သော်လည်း မြန်မာ့လက်ဖက်သမိုင်းကို သိရှိမှတ်တမ်းတင်သူ နည်းပါးလှသည်။ ကမ္ဘာ့လက်ဖက်သမိုင်းအရ တရုတ်ပြည်သည် ဘီစီ ၂၅၀၀ ခန့်တွင် လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ရှေးအကျဆုံးနိုင်ငံဟု သမိုင်းအထောက်အထား အားဖြင့်လည်းကောင်း၊ ဒဏ္ဍာရီပုံပြင် အားဖြင့်လည်းကောင်း ဖော်ပြခဲ့ကြပါသည်။ ဂျပန်လက်ဖက်သုတေသနပညာရှင် Dr.Matsushita Satoru ၏ လေ့လာချက် အရ လက်ဖက်ပင်၏ အစမှာ တရုတ်ပြည်၊ ယူနန်နယ် နှင့် ထိစပ်လျက်ရှိသော မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း နှင့် အိန္ဒိယအရှေ့ပိုင်း အက်ဆမ် တို့ရှိ တောင်တန်းများတွင် စတင်ခဲ့ကြသည်ဟု ယူဆရပါသည်။ လက်ဖက်ပင်၏ အစမှာ မြန်မာနိုင်ငံ ပါဝင်လျက်ရှိသော်လည်း ကမ္ဘာ့လက်ဖက်သမိုင်းတွင် ရှေးအကျဆုံးဖြစ်သော တရုတ်ပြည် (ဘီစီ ၂၅၀၀)ပြီးလျှင် ဒုတိယရှေးအကျဆုံးမှာ ဂျပန်နိုင်ငံ ( အေဒီ၁၂၀၀) ဟု ဖော်ပြထားပါသည်။

ဦးပုည၏လက်ဖက်မေတ္တာစာ အရဆိုလျှင် သရေခေတ္တရာ ဒွတ္တဘောင်မင်းအား စားတော်ဆက်ရန် ဓနုပလောင်လူမျိုးများက လက်ဖက်ပင်ကို စီမံစိုက်ပျိုးခဲ့ကြသည်ဟူသော အဆိုရှိခဲ့သည်။ တခြား မှတ်တမ်းမှတ်ရာများအရ အလောင်းစည်သူမင်းလက်ထက်တွင် ဘုရင်မင်းမြတ်အားဆက်သရန် ပလောင်တောင်သူတို့အား လက်ဖက်မျိုးစေ့ပေးကာ စိုက်ပျိုးစေခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။ ဒွတ္တဘောင်မင်းနန်းတက်သည့်နှစ်မှာ အေဒီ၇၃၉ ဖြစ်ပြီး အလောင်းစည်သူမင်းနန်းတက်ချိန်မှာ နန်းရာဇဝင်အရ သက္ကရာဇ် ၄၅၄ (အေဒီ ၁၀၉၂)၊ တွင်းသင်းရာဇဝင်အရ သက္ကရာဇ် ၄၅၅ (အေဒီ ၁၀၉၃) ၊ ဦးကုလားမဟာရာဇဝင်အရ သက္ကရာဇ် ၄၅၀ (အေဒီ ၁၀၈၈)ဟူ၍ သမိုင်းအထောက်အထားများတွင် အလောင်းစည်သူမင်းနန်းတက်သည့် ခုနှစ်သက္ကရာဇ်ကို အမျိုးမျိုး ဖော်ပြထားခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နယ်သမိုင်း မှတ်တမ်းများတွင် အလောင်းစည်သူမင်းကြီး ရှမ်းပြည်နယ်သို့ တိုင်းခမ်းလှည့်လည်ရာ မူလရှိရင်းဖြစ်သော စေတီတဆူကို ဖြို၍ နံ့သာကိုးတုံးကို ဌာပနာပြီး တောင်မယ်စေတီကို တည်တော်မူကာ ရေစက်ချသော သက္ကရာဇ်မှာ ၄၄၅ (အေဒီ ၁၀၈၃) တပေါင်းလပြည့်ကျော် ၅ရက် သောကြာနေ့ဟု မှတ်တမ်းတင်ထားသည်ကိုတွေ့ရှိရပါသည်။ အလောင်းစည်သူမင်း နန်းစံသော (အေဒီ ၁၁၁၂- အေဒီ ၁၁၆၇)ခုနှစ်သက္ကရာဇ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း နယ်သမိုင်း မှတ်တမ်းများတွင်ဖော်ပြထားသော ပလောင်ဓနုဒေသအတွင်းရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု မှတ်တမ်းများအရ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှာ အေဒီ ၁၁ ရာစုနှစ်တွင် အစပြုခဲ့ဟန်ဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် အေဒီ-၁၁ ရာစုနှစ်တွင် လက်ဖက်ကို မင်းအသုံးအဆောင်အဖြစ် စတင်ခဲ့သည်မှန်လျှင် ဂျပန်ထက် ပိုစောသောအချိန်ကတည်းက မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြလျှက်ရှိနေသည်။ ထို့အပြင် အေဒီ ၁၇၀၆တွင် မြန်မာ့လက်ဖက်ကို မြန်မာမှုနယ်ပယ်တွင် စာပေအက္ခရာ ဖြင့် တွင်ကျယ်စွာ ဖော်ပြခဲ့ရုံသာမက လက်ဖက်တရားဖြတ်ထုံးများ (ရေစကြိုခုံတော်ဖြတ်ထုံး) ပင်ရှိနေပြီးဖြစ်ပေသည်။ တဖန် အေဒီ-၁၈ ရာစုနှစ်၌ ပေါ်ပေါက်ခဲ့သော ဦးပုည မေတ္တာစာတွင် ရွှေဖီမိုးလွတ်လက်ဖက်ခြောက်ကို ဒွတ္တဘောင်နှင့် အလောင်းစည်သူမင်းနောက်ပိုင်း ပုဂံမင်းဆက်မှ အင်းဝမင်းဆက်တိုင် နန်းတွင်းစားသောက်စရာ ဖြစ်ခဲ့ပြီး အေဒီ-၁၈ ရာစုနှစ်တွင် ပြည်သူအများ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နိုင်အောင်အတွက် တိုးတက်လာကြောင်း သိရသည်။

လက်ဖက်ပင်၏ သက်တမ်းများမှလည်း မြန်မာနိုင်ငံတွင် လက်ဖက်ပင် စတင်ရှိခဲ့သော ခုနှစ်သက္ကရာဇ်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ မြန်မာနိုင်ငံတွင် ရှေးအကျဆုံးလက်ဖက်ပင်မှာ နှစ်တထောင်သက်တမ်းရှိပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသတွင် ထိန်းသိမ်းထားလျက်ရှိသည်ဟု သိရပါသည်။ ဝပြည်နယ်ရှိ လက်ဖက်ပင်၏သက်တမ်း နှစ်တထောင်ရှိခဲ့ခြင်းသည် အေဒီ-၁၀ ရာစုနှစ်ကတည်းက လက်ဖက်ပင် စရှိခဲ့ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ကမ္ဘာ့လက်ဖက်သမိုင်းတွင် ဒုတိယ ရှေးအကျဆုံးဖြစ်သော ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမှ မျိုးယူ စိုက်ပျိုးရသည့်အတွက် တရုတ်အခေါ်အဝေါ (ချာ)မှ ဂျပန်စကား (အိုချ)ကို မွေးစားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သို့သော် မြန်မာနိုင်ငံ၌မူ လက်ဖက်ဟူသော သီးသန့်အခေါ်ရှိနေခြင်းက မြန်မာ့ယဉ်မှုစစ်စစ်ဖြစ်ခဲ့ကြောင်း ထင်ရှားပေါ်လွင်လျှက်ရှိပေသည်။ နိဂုံးချုပ်အားဖြင့်ဆိုသော် မြန်မာလက်ဖက်သမိုင်းနှင့် ပတ်သက်ပြီး မနုဿဗေဒဆိုင်ရာ၊ ရုက္ခဗေဒဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုရှု့ဒေါင့်ဆိုင်ရာ လေ့လာမှုများသာမက သိပ္ပံနည်းကျ သုတေသနလုပ်ဆောင်၍ ဖော်ထုတ်ရန်လိုအပ်နေပါသေးကြောင်းအကြံပြုဖော်ပြအပ်ပါသည်။